အကြမ်းဖက် စစ်အုပ်စုက ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ချက်

(MFM သည် GSCB စုဖွဲ့မှုတွင် အဖွဲ့ဝင် အစုအဖွဲ့တခုအဖြစ်ပါဝင်ပါသည် )

အကြမ်းဖက် စစ်အုပ်စုက ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ချက်

စာအမှတ်။ ။ ၇/ပပ/၂၀၂၂

ရက်စွဲ။ ။ ၂၄၊ ၄၊ ၂၀၂၂

၁။ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့တွင် အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးလိုပါကြောင်း စစ်အုပ်စု၏ ဝါဒဖြန့် ရုပ်သံနှင့် မီဒီယာများမှတဆင့် ပြောကြား၍ ဖိတ်ခေါ်ခဲ့ပါသည်။

၂။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်အုပ်စုက ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက် အနိုင်ကျင့်မှုကြောင့် နိုင်ငံအဝှမ်းတွင် ပြည်သူများ၏ နေအိမ်များ ချိတ်ပိတ်ခံရခြင်း၊ အကြမ်းဖက် ဖမ်းဆီးခံရရုံသာမက အကျဉ်းစခန်းများနှင့် စစ်ကြောရေးများတွင် လူမဆန်စွာနှိပ်စက် သတ်ဖြတ်နေခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များကိုပင် အနိုင်ကျင့် သတ်ဖြတ်ခြင်း၊ ကျေးရွာများနှင့် ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ သာလွန် စစ်အင်အား အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရခြင်း စသည့်ဖြစ်ရပ်များမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိပါသည်။

၃။ ထိုကဲ့သို့ စစ်ရာဇဝတ်မှုများကိုပင် ဆက်တိုက် ကျူးလွန်နေသော အကြမ်းဖက် စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် အာဏာရှင် အစဉ်အဆက်က ပြုလုပ်ပုံဖော်ခဲ့သည့် အယောင်ပြ ငြိမ်းချမ်းရေးသာဖြစ်မည်ဟု ကျွန်ုပ်တို့ GSCBက မှတ်ယူသည်။

၄။ ပြည်သူလူထု တစ်ရပ်လုံး မျှော်လင့်သည့် ငြိမ်းချမ်းသာယာသည့် အနာဂတ် နိုင်ငံတော်မှာ “စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ကင်းမဲ့သော အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး‌များကို အပြည့်အဝအာမခံမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်င်ငံတော်သစ်”သာ ဖြစ်ပါသည်။

၅။ သို့ပါသောကြောင့် အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့် မုချ ဆန့်ကျင်သွေဖည်မည်ဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံး မျှော်လင့်သည့် ငြိမ်းချမ်းသာယာသည့် အနာဂတ်နိုင်ငံတော် ဖြစ်ပေါ်လာစေရန်အတွက် “နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမပါဝင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်စေရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံတကာ ပါဝင်ပတ်သက်နိုင်ရေး” အစရှိသည့် ပြည်သူလူထု၏ အကျိုးကို ဦီးထိပ်ထားသည့် သတ်မှတ်ချက်များကို ကိုင်ဆွဲ၍ တော်လှန်ရေး သစ္စာအပြည့်ဖြင့် ဆက်လက် တော်လှန်တိုက်ပွဲဝင်သွားရန် လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း တော်လှန်ရေးအတွေ့အကြုံ ပြည့်ဝသူများ ဖြစ်သည့်အလျောက် သမိုင်းသင်ခန်းစာများနှင့် လက်ရှိအခြေအနေများကို ချိန်ထိုး၍ အကောင်းဆုံး ရပ်တည် တုန့်ပြန်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ GSCBမှ ယုံကြည်မျှော်လင့်ပါသည်။

သွေးစည်းညီညွတ်မှုဖြင့်

အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု – GSCB

Scroll to Top