အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု- GSCBပြည်သူ့သူရဲကောင်းများအား ဂုဏ်ပြုကြောင်း GSCB ၏ ပထမအကြိမ် ညီလာခံက ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၆၊ ၆၊ ၂၀၂၂

၂၀၂၂ခုနှစ် ဇွန်လ (၅)ရက်နေ့ မှ (၇)ရက်နေ့ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်အင်အားစုများမှ စုစည်းကာ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB၏ ပထမအကြိမ်ညီလာခံကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ဤညီလာခံမှတဆင့် ပြည်သူ့သူရဲကောင်းများအား ဂုဏ်ပြုကြောင်း အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

CDM သူရဲကောင်းများနှင့်စပ်လျဉ်း၍

နွေဦးတော်လှန်ရေးကာလအတွင်း ဝန်ထမ်းထုCDMလှုပ်ရှားမှုသည် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပြီး ယနေ့အချိန်အထိလည်း အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားများကို အပြည့်အဝလည်ပတ်ခွင့်မရစေအောင် ပြုလုပ်နိုင်ထားဆဲပင်ဖြစ်သည်။ ထို့ကြောင့် ဝန်ထမ်းထု CDM လှုပ်ရှားမှု၏ အရေးပါမှုကို ပြိုလဲစေရန် အကြမ်းဖက်စစ်ကောင်စီသည် CDMဝန်ထမ်းများအား မတရားဖမ်းဆီးထောင်ချခြင်း၊ လူမဆန်စွာ သတ်ဖြတ်ခြင်း၊ လူမှုဘဝကို ခြိမ်းခြောက်ရန်ရှာခြင်းများကို ကိုယ်တိုင်သော်လည်းကောင်း ၄င်းတို့၏ လက်ကိုင်တုတ် Non CDMဝန်ထမ်းများအား အသုံးပြု၍သော်လည်းကောင်း ဆက်တိုက် ​ချေမှုန်း ရန်ရှာနေဆဲဖြစ်သည်။ သို့ဖြစ်ပါ၍ ဖိနှိပ်မှုအမျိုးမျိုးကို ကြံ့ကြံ့ခံကာ တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေသည့် CDM ဝန်ထမ်းထု၏ ပေးဆပ်စွန့်လွှတ် အနစ်နာခံမှုများကို ကျွန်ုပ်တို့အနေဖြင့် အလေးအနက်ထား အသိမှတ်ပြုသည်။ ထို့အတူ အသွင်ကူးပြောင်းမှု ကာလတခုသို့ ရောက်ရှိလာပါကလည်း CDMဝန်ထမ်းထုအတွက်တရားမျှတမှုများကို လူ့အခွင့်ရေး၊အလုပ်သမားအခွင့်အရေးနှင့် CDM မူဝါဒများအပေါ်အခြေခံ၍ ပြန်လည်ရှာဖွေဖော်ထုတ်ပေးရမည်ဟု ကျွန်ုပ်တို့အနေဖြင် အခိုင်အမာ လက်ခံယုံကြည်သည်။

မြေပြင်သပိတ်တိုက်ပွဲဝင်ရဲဘော်များနှင့် စပ်လျဉ်း၍

စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်တိုက်ပွဲများသည် အကြမ်းမဖက်အာဏာဖီဆန်ခြင်း၏ အဓိကထောက်တိုင်ဖြစ်သည်။ မတရားစစ်အာဏာသိမ်းချိန်မှစ၍ ပြည်သူလုထုတစ်ရပ်လုံးသည် လမ်းမများထက်၌ အင်ပြည့်အားပြည့် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဖက်ဆစ်စစ်တပ်ကို လုံးဝလက်မခံနိုင်ကြောင်း ကမ္ဘာသိပြသနိုင်ခဲ့ပြီးဖြစ်သည်။ ဖက်ဆစ်စစ်တပ်၏ ရက်ရက်စက်စက်ဖြိုခွင်းမှုများကြားမှ ယနေ့အချိန်ထိကြံ့ကြံ့ခံကာ မြေပြင်သပိတ်တိုက်ပွဲများကို လက်ဆင့်ကမ်း ဖော်ဆောင်နေကြသည့် သပိတ်အစုအဖွဲ့အားလုံးကို ဤညီလာခံမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်။ GSCBသည် သပိတ်အစုအဖွဲ့များနှင့် ဖွဲ့စည်းထားသော အင်အားစုတစ်ခု ဖြစ်သည်နှင့်အညီ တော်လှန်ရေး၏ စံနှုန်းများ၊ ညီလာခံမှချမှတ်သော ရပ်တည်ချက်များ၊ မူဝါဒများ၊ လမ်းညွှန်ချက်များအတိုင်း မလွဲမသေ ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

လက်နက်ကိုင်ပြည်သူ့သူရဲကောင်းများနှင်စပ်လျဉ်း၍

နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလျှက်ရှိသော ဖက်ဆစ်စစ်တပ်ကို လက်နက်စွဲကိုင်ကာ တော်လှန်ခုခံနေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးအတွက် ပြည်သူ့ခုခံစစ်အရပေါ်ပေါက်လာခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ပြည်သူ့သူရဲကောင်း ရဲဘော်ရဲဘက်များအား ကျွန်ုပ်တို့ GSCBမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ခရီးကြမ်းအတွင်း လမ်းခုလတ်၌ ကျဆုံးခဲ့ရသော ခေတ်အဆက်ဆက်ရဲဘော်များ၏ အသက်သွေးချွေးတို့ဖြင့် စွန့်စားပေးဆပ်ခဲ့သည့်အပေါ် ဤညီလာခံမှ လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်သည်။ ကျွန်ုပ်တို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အား စုအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေး၊ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးမူများကို ကိုင်စွဲ၍ အဆုံးသတ် တိုက်ပွဲဝင်သွားမည်ဟု ပြတ်ပြတ်သားသား သံဓိဌာန်ပြုအပ်ပါသည်။

အဖိနှိပ်ခံပြည်သူလူထုနှင့်စပ်လျဉ်း၍

တော်လှန်ရေးတိုက်ပွဲတိုင်းတွင် လူထုသာလျှင် အခရာဖြစ်သည်။ အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသော ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစုအားလုံးသည် ပြည်သူလူထုထံမှ ပေါက်ဖွားလာပြီး ပြည်သူလူထုကြားတွင် လှုပ်ရှားကာ ပြည်သူလူထုအတွက်သာ ဖြစ်တည်နေသော အဖွဲ့အစည်းများဖြစ်သည်။ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် အာဏာဖီဆန်မှု လှုပ်ရှားရေးကဏ္ဍများတွင် မိမိတို့တတ်နိုင်သည့်အားဖြင့် တက်ကြွစွာ ရုန်းကုန်ပါဝင်လျက်ရှိသည်ကို ဤညီလာခံမှ ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။ ဖက်ဆစ်စစ်တပ်နှင့် ၎င်းတို့လက်ပါးစေများ၏ ပြည်သူလူထုအပေါ် ခေတ်အဆက်ဆက် ဖိနှိပ်သတ်ဖြတ်မှုများကို တရားမျှတမှုနှင့် ထိုက်တန်သော ဂုဏ်ပြုမှုရရှိသည်အထိ တိုက်ပွဲဝင်သွားမည်။

ဖမ်းဆီးခံရဲဘော်များ၊ ကျဆုံးအာဇာနည်များနှင့် စပ်လျဉ်း၍

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် မတရားထောင်သွင်း အကျဉ်းကျခံ‌နေရသော ရဲဘော်ရဲ‌ဘက်များအားလုံးကို ဤညီလာခံမှ အလေးနက်ထား အောက်မေ့ သတိရလျှက်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ “ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင် တွန်းလှန်”ဆိုသည့် ကြွေးကြော်ချက်အတိုင်း အချုပ်အနှောင်ကြားထဲမှာ ရုန်းကန်လှုပ်ရှားမှုများကို ဆက်လက်တိုက်ပွဲဝင်နေသော ရဲဘော်များအားလုံးကို ဤညီလာခံမှ ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲ ခရီးသည် များစွာ ကြမ်းတမ်းခက်ထန်သည့်အလျှောက် ကျွန်ုပ်တို့ဘက်မှ စွန့်လွှတ်ခဲ့ရသည်မှာလည်း လွန်စွာများပြားခဲ့သည်။ ဖက်ဆစ်စစ်တပ်အား ရင်ဆိုင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ခေတ်အဆက်ဆက် အာဇာနည်ရဲဘော်များနှင့် မတရားသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသော ပြည်သူများအားလုံးကို ဤညီလာခံမှ အလေးအနက်ထား အောက်မေ့ဂုဏ်ပြုအပ်ပါသည်။ ရဲဘော်တို့၏ စတေးပေးဆပ်မှုနှင့် ထိုက်တန်အောင် ဖက်ဆစ်စစ်တပ်အား အမြစ်ဖြတ်ဖယ်ရှားရေးနှင့် တရားမျှတမှုများ ရရှိသည်အထိကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကျွန်ုပ်တို့မှ ‌အလေးနက်ထား ကတိပြုသည်။

ကျွန်ုပ်တို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုအနေဖြင့် လူမျိုးပေါင်းစုံ လူတန်းစားအလွှာပေါင်းစုံ လွတ်မြောက်ရေးအတွက် ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ မမှိတ်မသုန်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”

တော်လှန်ရေးသစ္စာဖြင့်

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု – GSCB

Scroll to Top