ကိုကျော်ညီဇင် အကြောင်းမဲ့ ပစ်သတ်ခံရခြင်းနှင့်ပက်သက်၍ သဘောထားကြေညာချက်

ကိုကျော်ညီဇင် အကြောင်းမဲ့ ပစ်သတ်ခံရခြင်းနှင့်ပက်သက်၍ သဘောထားကြေညာချက်

************** ************** **************

ရက်စွဲ ။ ။ ၂၁/၅/၂၀၂၂

(၁) ဆေးတက္ကသိုလ်-မန္တလေး ၊ တတိယနှစ်သင်တန်း (၁၂/၂၀၁၇) မှ ကိုကျော်ညီဇင်သည် မိသားစုဝင်များနှင့်အတူ ခရီးသွားလာနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တရားလက်လွတ် ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် ၂၀၂၂ ခုနှစ် ၊ မေလ၂၀ ရက်နေ့တွင် ကျဆုံးသွားကြောင်း စိတ်နှလုံးညှိုးငယ်စွာဖြင့် ကြားသိရပါသည်။

(၂) ကိုကျော်ညီဇင်သည် စစ်ကောင်စီ အလိုတော်ရိ ကျောင်းအုပ်ချုပ်ရေးအာဏာရှင်များက တရားမဝင်ဖွင့်လှစ်နေသော ၎င်း၏ တတိယနှစ် အမ်ဘီဘီအက်စ် သင်တန်း ( ပုံမှန် ) ကိုလည်း တက်ရောက်ခြင်းမပြုဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် သပိတ်မှောက်ကျောင်းသားတဦးလည်း ဖြစ်ပါသည် ။

(၃) မြန််မာ့မြေပေါ်တွင် အဓမ္မဝါဒီဖြစ်သော အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းအမြစ်ဖြတ်နိုင်မှသာလျှင် ကိုကျော်ညီဇင်ကဲ့သို့ တရားလက်လွတ်သတ်ဖြတ်ခံရခြင်းများမှ ကျွန်ုပ်တို့တင်သာမက ကျွန်ုပ်တို့ မျိုးဆက်များ အနေဖြင့် လွန်မြောက်မည်ဖြစ်ပါသည် ။

ထို့ကြောင့် မြန်မာ့မြေပေါ်တွင် အာဏာရှင်စနစ်အမျိုးမျိုး အပြီးတိုင်ကျရှုံးစေရေးအတွက် “စစ်ကောင်စီ၏ သွေးစွန်းကျောင်းမတက်ရေး ‘’ လှုပ်ရှားပုန်ကန်နေသော ကိုကျော်ညီဇင်နှင့်တကွ တက္ကသိုလ်အသီးသီးမှ သပိတ်မှောက်ကျောင်းသားကျောင်းသူများကို ကျွန်ုပ်တို့ MFM အနေဖြင့် လေးစားစွာဖြင့် ဦးညွှတ်အလေးပြုပါသည် ။

(၄) ကျဆုံးသွားသော ကိုကျော်ညီဇင် မျှော်မှန်းတောင့်တခဲ့သည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေး သမိုင်းပေးတာဝန်သည် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူတရပ်လုံး၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့ပြီဖြစ်ပါသည် ။

ထိုသမိုင်းပေးတာဝန်ကို ကျွန်ုပ်တို့အနေဖြင့် ကျေကျေပွန်ပွန် ထမ်းဆောင်သွားကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

ကိုကျော်ညီဇင် ထုံးကို နှလုံးမူကြ ။

ကိုကျော်ညီဇင် စိတ်ဓါတ်ကို ကိုင်စွဲကြ ။

ခိုင်မာသော တော်လှန်ရေးသစ္စာဖြင့် – MFM

Scroll to Top