မြန်မာနှစ်သစ်ကူးသင်္ကြန်နှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်လွှာ

မြန်မာနှစ်သစ်ကူးသင်္ကြန်နှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်လွှာ

စာအမှတ်။ ။ ၅/ပပ/၂၀၂၂

ရက်စွဲ။ ။ ၃၊ ၄၊ ၂၀၂၂

၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် မကြာခင်ကျရောက်တော့မည့် မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြကာ တိုင်းပြည်၏ အခြေအနေအရပ်ရပ်သည် ပုံမှန်ဖြစ်နေသယောင် လုပ်ကြံဖန်တီးမည့် အတုအယောင် “အပျော်သင်္ကြန်” နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များ ကျင်းပနိုင်ရေးအတွက် အထူးအားစိုက် ကြိုးပမ်းနေသည်ကို ပြည်သူများ တွေ့မြင်ကြားသိရပြီး ဖြစ်သည်။

၂။ ကျွန်ုပ်တို့ပြည်သူများအနေဖြင့် တော်လှန်ရေးအတွင်း ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မ ဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အပိုမပါ အစားထိုး ပြန်မရနိုင်သည့် မိမိတို့အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောထဲတောင်ထဲတွင် အငတ်ငတ်အပြတ်အပြတ် တိုက်ပွဲဝင်နေသည့် PDF နှင့် EROs စစ်သည်တော်များ၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြသော CDM သူရဲကောင်းများ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် “အပျော်သင်္ကြန်” နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များကို လုံးဝ (လုံးဝ) မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် သပိတ်မှောက်ကြရန် အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၃။ ကျွန်ုပ်တို့နိုင်ငံ၌ လက်ရှိကာလသည် ဘုံရန်သူ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုကို တွန်းလှန်တိုက်ပွဲဝင်နေသည့် ပြည်သူ့တော်လှန်ရေးကာလဖြစ်သည်နှင့်အညီ ပြည်သူများအနေဖြင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်များ မကျင်းပ၊ မဆောင်ရွက်ကြရန်လည်း အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၄။ ကျွန်ုပ်တို့ပြည်သူလူထုကြီးသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေသော “အပျော်သင်္ကြန်”ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်သော တော်လှန်ရေးကာလ၏ “တော်လှန်သင်္ကြန်”အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမည်ဖြစ်ပါသည်။ ပြည်သူလူထုတရပ်လုံးအနေဖြင့် တော်လှန်ရေးကာလနှင့် လိုက်ဖက်ဆီလျော်ကာ ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ဖြစ်သည့် “တော်လှန်သင်္ကြန်”ကို မည်သို့ပါဝင်ဆင်နွှဲကြမည်၊ မည်သို့ ဖြတ်သန်းကြမည်စသည့် နှိုးဆော်တိုက်တွန်းချက်များကိုလည်း မကြာခင် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည်။

“အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ”

“ပေတရာပေါ်မှာ စီးတဲ့သွေးကို သင်္ကြန်ရေနဲ့ မဆေးကြော”“

အရေးတော်ပုံ မုချ အောင်ရမည်” |||

Scroll to Top