တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှုစရာမရှိဘူး

ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ဟာ ဘဘဦးဝင်းတင် ကျဆုံးခြင်း (၈)နှစ်ပြည့်ဖြစ်ပါတယ်။

ဘဘဦးဝင်းတင်ဟာ ဒီမိုကရေစီ ခရီးကြမ်းကာလအတွင်းမှာ

`မူ ‘ခိုင်လွန်းသော ခေါင်းဆောင်တဦးဖြစ်ပါတယ် ။ ၎င်းယုံကြည်ရာ မူ ကို တစွန်းတစမျှ အပွန်းအပဲ့ မခံဘဲ ဒီမိုကရေစီခရီးကြမ်းကို တစိုက်မတ်မတ်လျှောက်လှမ်းခဲ့သူဖြစ်ပါတယ် ။

ဘဘရဲ့ ယုံကြည်ချက်နှင့်စိတ်ဓါတ်များဟာ တိုင်းသူပြည်သားအားလုံးတို့အတွက် လေးစားအတုယူစရာ စံနမူနာကောင်းတခုဖြစ်ပါတယ် ။

အထူးသဖြင့် ယခုနွေဦးတော်လှန်ရေးကာလအတွင်းမှာဆိုရင် ဘဘရဲ့ စိတ်ဓါတ်နှင့် ခံယူချက်များဟာ တော်လှန်ရေးသင်ရိုးတအုပ် ကဲ့သို့ အပါတ်တကုတ်လေ့လာ မှီငြမ်းရမယ့် စိတ်ဓါတ်နှင့်ယုံကြည်ချက်များဖြစ်ပါတယ် ။

ဘဘရဲ့ အဆိုအမိန့်များ၊ ပြောစကားများ၊ ရေးသားခဲ့သော စာအုပ်များကို လေ့လာကြည့်မယ်ဆိုရင်လည်း ဘယ့်လောက် အမျှော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်ဆိုတာ သိနိုင်ပါလိမ့်မယ် ။

ဥပမာအားဖြင့်……

` ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက် ‘

`တိုင်းပြည်အပေါ် စစ်တပ်ရဲ့ ကျေးဇူး မူးလို့တောင် ရှုစရာမရှိ ‘

` အင်းစိန်အကျဉ်းထောင်က လွတ်လာပေမယ့် မြန်မာပြည်ဆိုတဲ့ အကျယ်ထောင်အတွင်းက မလွတ်မြောက်နိုင်သေးဘူး’

`နိုင်ငံရေးအကျဉ်းသားများအားလုံး မလွတ်မချင်း ထောင်အင်္ကျီအပြာကို မချွတ်ဘူး’’ အစရှိတဲ့ ပြောစကားများ ၊ ကဗျာများဟာ ဘဘရဲ့ အမျှော်အမြင်ရှိမှု ၊ ယုံကြည်ချက်ပြတ်သားမှုတို့ကို အခိုင်အမာဖော်ပြနေသော စကားများဖြစ်ပါတယ် ။

ဘဘရဲ့ နာမည်ကျော်ကဗျာတပုဒ်ဖြစ်တဲ့

`ကျားရဲငါ ‘ ကဗျာဟာလည်း `ဦးဝင်းတင်စိတ်ဓါတ်’ ကို အမြင်သာဆုံးပြတဲ့ ကဗျာတပုဒ်လို့ ဆိုလို့ရနိုင်ပါတယ် ။

နွေဦးတော်လှန်ရေးအတွင်းမှ ကျွန်တော်တို့ မြန်မာပြည်သူများဟာလည်း ဘဘ ဟံသာဝတီဦးဝင်းတင်ရဲ့ `ကျားရဲ ငါ ‘ စိတ်ဓါတ်ကို ကိုင်စွဲပြီး တပ်ဦးအောင်လံကို အမြင့်မားဆုံးလွှင့်ထူကြရင်း ဖယ်ဒရယ်ဒီမိုကရေစီ ပန်းတိုင်သို့ ဦးတည်ချီတက်ကြပါစို့

` ဦးဝင်းတင် စိတ်ဓါတ်ကို ကိုင်စွဲရင်း တပ်ဦးအလံကို အမြင့်မားဆုံး လွှင့်ထူကြ ‘

(တန်ဖိုးရှိသော ပန်းချီကားကို အသုံးပြုခွင့်ပေးသော တော်လှန်ပန်းချီဆရာကိုလည်း ကျေးဇူးအထူးတင်ပါတယ် )

Scroll to Top