ARMED Resistance and Protest are both Equally important

“နွေဦးအစ CDM က

နွေဦးအသံ သပိတ်မာန်

နွေဦးအသက် PDF

တော်လှန်ရေးအဆုံးသတ် အတူချီတက်”

__________________________

မနက်ဖြန် (မေလ ၅ ရက်၊ ၂၀၂၂ ခုနှစ်) ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက “ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF” ဖွဲ့စည်းတည်ထောင်ကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ တစ်နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ယခုဆိုရင် နိုင်ငံရဲ့ တောင်ပေါ်မြေပြန့် နေရာအနှံ့မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့ဟာ အတူလက်တွဲ ချိတ်ဆက်ပြီး ခုခံတွန်းလှန်စစ်တိုက်ပွဲ ဆင်နွှဲနေကြတာ ခရီးတစ်ခုထိ ရောက်နေပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ (၁) ရက်နေ့၊ အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားလုယူပြီးနောက်မှာ ပြည်သူ့ဝန်ထမ်းများရဲ့ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွေ၊ လူထုသပိတ်တိုက်ပွဲတွေ တနိုင်ငံလုံးမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကို အကြမ်းဖက် စစ်အုပ်စုက လူမဆန်စွာ အပြင်းအထန် ဖိနှိပ်၊ ဖြိုခွဲ၊ နှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့် ဓားမိုးပြီး အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ အာဏာရှင်ကို ဓားကိုင်ပြီး ပြန်လည်တွန်းလှန်ဖို့၊ တိုင်းပြည်နဲ့ လူထုကို ကာကွယ်စောင့်ရှောက်ပေးမယ့် တပ်မတော်တစ်ရပ် လိုအပ်လာတာကြောင့် “ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF” ကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်။

ယခု မြန်မာ့နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ ဗျူဟာက “ပြည်သူ့စစ်မဟာဗျူဟာ” ဖြစ်ပါတယ်။ ဒီမဟာဗျူဟာရဲ့ သဘောတရားကိုက လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲကို ကျန်တိုက်ပွဲနည်းနာများနဲ့ ဟန်ချက်ညီညီ၊ ချိန်သားကိုက်၊ စနစ်တကျ ချိတ်ဆက်ပူးပေါင်း ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။ ခုခံတွန်းလှန်စစ် လက်နက်ကိုင်တိုက်ပွဲအပြင် နိုင်ငံရေးတိုက်ပွဲ၊ တရားဝင်မှု နိုင်ငံတကာ သံခင်းတမန်ခင်းတိုက်ပွဲ၊ သပိတ်တိုက်ပွဲ၊ ဘူးသပိတ်တိုက်ပွဲ၊ CDM တိုက်ပွဲစတဲ့ တော်လှန်ရေး နည်းနာများ (တော်လှန်ရေး ထောက်တိုင်များ) ကိုလည်း ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့် ပြည်သူ့တော်လှန်ရေးကြီး ဆက်ပြီး ဟန်ချက်ညီ သက်ဝင်လှုပ်ရှားနေဖို့နဲ့ အလျင်အမြန် အောင်မြင်ဖို့အတွက် ဒီ‌ထောက်တိုင်တွေအားလုံး အားကောင်းသန်မာနေဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီတော်လှန်ရေးထောက်တိုင်တွေဟာ တစ်ခုနဲ့တစ်ခုလည်း အပြန်အလှန် အမှီသဟဲ ပြုနေကြပါတယ်။ တစ်ခုခု ယိမ်းယိုင်သွား၊ ပျောက်ကွယ်သွားတာနဲ့ ကျန်ထောက်တိုင်တွေ‌‌အပေါ်မှာလည်း အနုတ်လက္ခဏာ ကြီးမားစွာ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု တရပ်လုံးက နည်းလမ်း အစုံအလင်၊ တိုက်ပွဲသဏ္ဍာန် အစုံအလင်နဲ့ စစ်အာဏာရှင်ကို ရင်ဆိုင်အန်တုကြဖို့ပဲ ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးဟာ “ဟန်ချက်ညီ” နေဖို့ လိုပါတယ်။

ဒီတော်လှန်ရေးခရီးဟာ ပြည်သူအားလုံးက ပြိုင်တူတွန်းမှ အမြန်ဆုံး ရွေ့ပါလိမ့်မယ်။ လူထုတရပ်လုံး မျှော်ရည်တဲ့ ပြည်သူ့အောင်ပွဲကို ရရှိဖို့အတွက် အောင်ပွဲနဲ့ထိုက်တန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။

ကျနော်တို့ အမြဲတစေ ကိုင်ဆွဲရမှာက ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်ပါတယ်။ ပြည်သူပါဝင်မှုက အဓိကပဲ ဖြစ်ပါတယ်။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံး ပြည်သူလူထုတစ်ရပ်လုံး ဆက်လက်ပြီး အစွမ်းကုန် ပါဝင်ပေးကြပါ။

ကျနော်တို့ လိုရာခရီးပန်းတိုင်ကို မရောက်မချင်း သွေးမအေးကြေး၊ သွေးမကြောင်ကြေး၊ သွေးမကွဲကြေးဗျာ။

ပြည်သူလူထုအ‌နေနဲ့ တော်လှန်ရေးတိုက်ပွဲနဲ့ တော်လှန်‌ရေးနည်းနာများအားလုံးကို အစွမ်းကုန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြပါစို့လို့ နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

Scroll to Top