Medical Family Mandalay – MFM ၏ ၂၀၂၂ ခုနှစ်၊ နှစ်သစ်သဝဏ်လွှာ

Medical Family Mandalay – MFM ၏ ၂၀၂၂ ခုနှစ်၊ နှစ်သစ်သဝဏ်လွှာ (၁-၁-၂၀၂၂)

(၁) မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အာဏာရူးစစ်သူပုန်တို့က မတရားရယူသိမ်းပိုက်ထားခဲ့သည်မှာ (၁၁) လ တင်းတင်းရှိခဲ့ပါပြီ ။ အဆိုပါ (၁၁) လအတွင်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက် အုံကြွ၍ ဆန့်ကျင်တော်လှန်ခဲ့ကြသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။

(၂) မြန်မာ့နွေဦးတော်လှန်ရေး၏ အစသည် CDM က အစပြုခဲ့သည် ။ အာဏာသိမ်းပြီးလျှင်ပြီးချင်း ဖေဖော်ဝါရီလ (၁) ရက်နေ့မှာပင် စစ်အာဏာရူး၏ ယန္တရားထဲတွင် ခွေးသွားစိပ်အဖြစ် တာဝန်မထမ်းလိုကြသော ကျန်းမာရေးဝန်ထမ်းပေါင်း မြောက်များစွာသည် အာဏာရူးတို့၏ အနှောင်အဖွဲ့များကို တဖွဲဖွဲစွန့်ခွာပြီး ပြည်သူဘက်က ရပ်တည်ခဲ့ကြပါသည်။ ထို့ကြောင့် “မြန်မာ့နွေဦးတော်လှန်ရေးအစ … CDM က” ဟု သတ်မှတ်လို့ရနိုင်ပါသည်။ ထိုသို့ဆိုပါက “CDM အစ … ကျန်းမာရေးကဏ္ဍ” ကလို့ မော်ကွန်းတင်ပါကလည်း လွန်အံ့မည် မထင်ပါ။

(၃) CDM လက်နက်တင်မက သပိတ်လက်နက်ကိုပါ မြဲမြဲကိုင်စွဲ၍ တိုက်ပွဲဝင်ခဲ့ကြသော ကျန်းမာရေးလောကမှ အလွှာပေါင်းစုံသည် ၎င်းတို့၏ မူလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း စွန့်ပယ်ခြင်း လုံးဝမရှိဘဲ ရောက်ရာအရပ်ဒေသတွင် အသွင်သဏ္ဌာန်မျိုးစုံဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။

(၄) ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများနှင့် CDM တွင် ပါဝင်မှုများကြောင့်သာမက ဆေးကုသပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ကြောင့် ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်ခံရသလို အသက်ပေးလှူသွားရသော မိမိတို့ ကျန်းမာရေးဝန်ထမ်း ရဲဘော်များလည်း မနည်းတော့ပါ။ သို့သော် ထိုကဲ့သို့ ဖိနှိပ်ချုပ်ချယ်ခံရသော်လည်း မိမိတို့ MFM အနေဖြင့် စိုးစဉ်းမျှ တုန်လှုပ်နောက်ဆုတ်သွားမည် မဟုတ်ပါ။ မိမိတို့ MFM ကဲ့သို့ပင် တော်လှန်ရေးထဲတွင် ပါဝင်နေသည့် အခြားသော ကျန်းမာရေးဝန်ထမ်းများသည်လည်း မိမိတို့၏ ရပ်တည်ချက်ပေါ်က သွေးဖီသွားမည်မဟုတ်ကြောင်းကိုလည်း ယုံကြည်ပါသည်။

(၅) ရှေ့ဆက်ရမည့် တော်လှန်ရေးခရီးတွင် ကျန်းမာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် ယခုထက်ပို၍ အရေးပါလာတော့မည်ဖြစ်ရာ ကျန်းမာရေးလောကမှ ညီနောင်ရဲဘော်များအနေဖြင့် မိမိတို့ MFM နှင့်အတူ တော်လှန်ရေးလှေကို တက်ညီလက်ညီ ဝင်ရောက်လှော်ခတ်ပေးကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။အရေးတော်ပုံ မုချအောင်ရမည်။မြန်မာ့မြေပေါ်တွင် အဓမ္မဝါဒီ မုချ ပပျောက်စေရမည်။

Scroll to Top