No Electricity Bill

“အာဏာရှင်ကို အသက်ဆက်စေမယ့် မီတာခ မဆောင်ဘူး။”❓

“မီတာခတွေက စစ်အာဏာရှင်ကို ဘယ်လို အသက်ဆက်ပေးမှာလဲ။”စစ်ကောင်စီက အာဏာလုအုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ကာလတလျှောက်လုံး ၎င်းတို့ကို အသက်ဆက်စေမယ့် ဘယ်အရာကိုမဆို ဖြတ်တောက်ပစ်ကြရပါမယ်။ အခုဆို အာဏာရှင်ကို အသက်ဆက်စေတဲ့ ငွေကြေးစီးဆင်းမှုတွေထဲမှာ လျှပ်စစ်မီးသုံးစွဲခ/မီတာခဟာ အဓိက အရေးပါတဲ့ စီးဆင်းမှုဖြစ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြည်သူများအားလုံး မီတာခပေးဆောင်ကြမည်ဆိုလျှင် အိမ်သုံးနှင့် အိမ်သုံးမဟုတ်သော မီတာခမှ ရရှိမည့် စုစုပေါင်း တစ်လတာဝင်ငွေသည် အကြမ်းဖျဥ်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၈,၇၀၁,၂၅၀ ဖြစ်သည်။ ယခုငွေသည် လက်ရှိပြောင်းလဲထားသော မီတာခကောက်ခံမှုနှုန်းထားအတိုင်း ပျမ်းမျှတွက်ချက်ထားခြင်းဖြစ်ပြီး ဤဝင်ငွေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသည် အိမ်သုံးဓာတ်အားခမှ ရရှိခြင်းဖြစ်သည်။

❓ “မီတာခ မဆောင်ရင် ဘာဖြစ်နိုင်လဲ။”

“မီတာခ မဆောင်လို့ မီးဖြတ်ပစ်မှာပေါ့” ဆိုတဲ့ စကားသံတွေနဲ့ စစ်ကောင်စီဘက်မှ ခြိမ်းခြောက်သံတွေကိုလည်း ပြည်သူတို့ကြားနေရပါတယ်။ မီတာခမဆောင်လို့ မီးဖြတ်ကောင်းဖြတ်နိုင်ပါတယ်။ သို့ပေမယ့် တစ်နိုင်ငံလုံးကိုတော့ ဖြတ်လို့မရပါ။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို လျှော့ချပစ်လို့တော့ရပါတယ်။ လျှပ်စစ်ထုတ်လုပ်ခြင်းနဲ့ သုံးစွဲခြင်းမှာ ဝန်အားမျှတမှုက အဓိကကျပြီး ဓာတ်အားပိုလျှံမှုဒါဏ်ကို ထည့်သွင်းစဥ်းစားရမှာဖြစ်တဲ့အတွက် အားလုံးကို ရပ်တန့်လိုက်လို့ မရပါ။ ဓာတ်အားခကို တစ်အိမ်တည်းမဆောင်ပါက ထိုတစ်အိမ်တည်းသာ ကွက်ပြီးမီးအဖြတ်ခံရပါလိမ့်မယ်။ သို့ပေမယ့် အားလုံးညီညွတ်စွာ မီတာခ မဆောင်တာနဲ့ အားလုံးကို မီးဖြတ်ချလို့ မရပါဘူး။ ပြည်သူတွေညီဖို့ပဲ လိုပါတယ်။

❓ “မီတာခတွေကို စစ်ကောင်စီက ဘာလို့ အတင်းလိုက်ကောက်နေတာလဲ။”

ယခုအချိန်တွင် စစ်ကောင်စီလက်အောက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူများ ဓာတ်အားခ ပေးဆောင်ရန် နည်းမျိုးစုံဖြင့် ကြေညာကာ တွန်းအားပေးနေသည်။ တစ်နိုင်ငံလုံးရှိ သန်းနဲ့ချီသော ပြည်သူများမှ ပေးဆောင်လိုက်မည့် ဓာတ်အားခများသည် ၎င်းတို့ပြောနေသလို လျှပ်စစ်ထုတ်လုပ်ခြင်းတွင် ပြန်လည်အသုံးပြုမည်ဆိုသည်မှာ စိုးစဥ်းမျှ ယုံနိုင်ဖွယ်ရာမရှိပေ။ စစ်ကောင်စီသည် အရင်၂၀၁၀ မတိုင်ခင် ကာလများတည်းက လျှပ်စစ်ဓာတ်အားခထုတ်လုပ်ရန် အတွက်ကုန်ကျစရိတ်များကို လုံလောက်စွာ သုံးစွဲခဲ့ခြင်းမရှိတဲ့ သက်သေ သာဓကများ ရှိခဲ့သလို လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ထုတ်လုပ်ပြီး ဖြန့်ဝေနိုင်ခြင်း မရှိခဲ့သည်မှာလည်း ပြည်သူများ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးပါပြီ။ ယခုတဖန်တွင်လည်း ပြည်သူများဆီမှ ဓာတ်အားခများကို အတင်းတွန်းကာ ကောက်ခံနေပြီး ထိုဓာတ်အားခများအား လျှပ်စစ်ထုတ်လုပ်မည့် နေရာတွင် ပြန်လည်အသုံးပြုမည်ဟု မည်သူမှ အာမမခံနိုင်ပေ။ စစ်အသုံးစရိတ်၏ ၂၀% သည်လည်း စစ်လျှပ်စစ်ဓာတ်အားခ ကောက်ခံခြင်းမှ ခွဲယူသုံးစွဲခြင်း ဖြစ်သောကြောင့် ပြည်သူပေးမည့် ပိုက်ဆံဖြင့် ပြည်သူကို ပြန်သတ်မည့် လုပ်ငန်းများ ဖြစ်သော စစ်သုံးစရိတ်နှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း စသော ကိစ္စရပ်များတွင် ပြန်လည်အသုံးချသွားနိုင်သည်ကို လက်ရှိမြင်တွေ့နေရသည့် ဖိနှိပ်မှုများ၊ စစ်ကောင်စီမှ အကြီးအကဲ ရာဇဝတ်ကောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဥ်များက သက်သေထူနေပါသည်။

❓ “ပြည်သူတွေ ဘာလို့ မီတာ မဆောင်သင့်တာလဲ။”

ပြည်သူအများ ပေးဆောင်လိုက်သည့် ဓာတ်အားခများသည် ကိုယ်တိုင်ရဲ့ အနာဂတ်၊ လက်ရှိတော်လှန်ရေးတိုက်ပွဲဝင်နေသော ပြည်သူ့သားသမီးများရဲ့ အနာဂတ်တို့ကို ပျက်သုဉ်းစေမည့် အသက်သေစေနိုင်သည့် ကျည်ဆံများ၊ စစ်လက်နက်များအဖြစ် ပြောင်းလဲသွားမည့် အာဏာရှင်ရဲ့ အထောက်အပံ့ဖြစ်စေနိုင်ပါသည်။ မိမိနှင့် မိမိတို့ သားသမီးများ၏ အနာဂတ်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်စေနိုင်မည့် အရာအားလုံးကို ဖြတ်တောက်ပစ်ဖို့လိုပါသည်။ ပြည်သူများကိုယ်တိုင် မိမိတို့လက်ဖြင့် စစ်အာဏာရှင်၏ အသက်ဆိုးကို မီတာမဆောင်ခြင်းဖြင့် ဖြတ်တောက်ပေးပါ။ မိမိတို့ ရှာထားတဲ့ ငွေတွေနဲ့ စစ်အာဏာရှင်တွေ ကြီးစိုးဗိုလ်ကျနေတာကို မိမိတို့လက်နဲ့ပဲ ဖြတ်တောက်ပေးကြပါ။

Scroll to Top