World Neglected Tropical Diseases (NTDs) Day 2022 (January 30, 2022)

ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများအထိမ်းအမှတ်နေ့ (၃၀-၁-၂၀၂၂)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) က အပူပိုင်းဒေသများရှိ ကျေးလက်ဒေသ၊ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ဒေသများနှင့် သွားလာရခက်ခဲသောဒေသများတွင် အဖြစ်များသော ရောဂါများဖြစ်သည် ကမ္ဘာပေါ်ရှိ လူပေါင်း (၁၀) သန်းကျော်တွင် ကူးစက်ဖြစ်ပွားလျက်ရှိနေသည်ဟု ထုတ်ပြန်ထားပါသည်။ အဆိုပါရောဂါများသည် အမျိုးမျိုးသော ရောဂါပိုးများဖြစ်သည့် ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး၊ ကပ်ပါးပိုး၊ မှို (Fungi) နှင့် အဆိပ်အတောက် (Toxins) များကြောင့် ဖြစ်ပွားလေ့ရှိသည်။ ထိုရောဂါများကြောင့် ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားကြရလျက်ရှိပါသည်ဟု ပြောကြားထားပါသည်။

သို့သော် အဆိုပါ အပူပိုင်းဒေသများတွင် အဖြစ်များသောရောဂါများမှာ ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်များတွင် မပါဝင်သလောက်ဖြစ်နေသည်။ ယနေ့အထိတိုင် “လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု” (Universal Health Coverage) ကို အာရုံစိုက်ဆောင်ရွက်နေကြသော်လည်း အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများအတွက် အရင်းအမြစ်များ လွန်စွာနည်းပါးလျက်ရှိနေပြီး ကမ္ဘာအရပ်ရပ်မှ ငွေးကြေးထောက်ပံ့လျက်ရှိသော အဖွဲ့အစည်းများကလည်း လျစ်လျူရှုထားမတတ်ဖြစ်နေသည်ဟု ပြောထားပါသည်။

အပူပိုင်းဒေသများတွင် အဖြစ်များသောရောဂါများ

သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး၊ ဆင်ခြေထောက်၊ အနာကြီးရောဂါ၊ ဝဲနှင့် အခြားပိုးကြောင့်ဖြစ်သော အရေပြားရောဂါ၊ ခွေးရူးပြန်ရောဂါ၊ မြွေကိုက်ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင်ရောဂါ၊ မြေကြီးမှတစ်ဆင့် ကူးစက်တတ်သော သန်ကောင်ရောဂါ၊ taeniasis/cysticercosis, Buruli ulcer, Chagas disease, dracunculiasis, echinococcosis, foodborne trematodiases, human African trypanosomiasis, leishmaniasis, mycetoma, chromoblastomycosis and other deep mycoses, onchocerciasis, , and yaws.

ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှစ်စဉ် ဇန်နဝါရီလ (၃၀) ရက်နေ့ကို “ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ အထိမ်းအမှတ်နေ့” (World Neglected Tropical Diseases Day) အဖြစ်သတ်မှတ်ထားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ “ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံ ရောဂါများအထိမ်းအမှတ်နေ့” ဆိုင်ရာ အဓိကသတင်းစကားများ

၁။ အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများအား တိုက်ဖျက်ရာတွင် ပိုမိုအားထုတ်လာကြစေခြင်း

(၂၀၂၂) ခုနှစ်မှစတင်၍ အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ၊ ၎င်းရောဂါများကြောင့် ခံစားနေကြရမှုများအပေါ် ပိုမိုအာရုံစူးစိုက်မိကြစေရန်နှင့် ရောဂါခံစားနေကြသူများအတွက် ပြည့်စုံလုံလောက်သော အလုံးစုံကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန် ဖြစ်ပါသည်။ အပြည့်အဝကာကွယ်၍ရနိုင်သော ရောဂါများ ကူးစက်ဖြစ်ပွားမှုကို အဆုံးသတ်နိုင်ရန်အတွက် အားလုံးပူးပေါင်းတာဝန်ယူ ဆောင်ရွက်ကြရပါမည်။

၂။ COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းတွင် အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများဆိုင်ရာ ကျန်းမာရေးစောင်ရှောက်မှုများကို ဆက်လက်ရယူနိုင်ကြစေရန် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းသစ်များ ရှာဖွေဖော်ထုတ်ခြင်း

ကမ္ဘာနိုင်ငံအသီးသီးနှင့် အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါဆိုင်ရာ စီမံချက်များအနေဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကြုံတွေ့လာရနိုင်သော အခက်အခဲများနှင့် အတားအဆီးများ ဖော်ထုတ်သတ်မှတ်နိုင်ရန် နည်းလမ်းများ တီထွင်ဆန်းသစ်အသုံးပြုရပါမည်။

၃။ ကျန်းမာရေး၊ ပညာရေး၊ အာဟာရနှင့် စိတ်ကျန်းမာရေးစသည့် ကဏ္ဍပေါင်းစုံ အတူတကွ ပူးပေါင်းပါဝင်၍ ဆောင်ရွက်ခြင်း

ကမ္ဘာ့နိုင်ငံများအနေဖြင့် လုံလောက်သော ရင်းနှီးမြှုပ်နှံမှု၊ လုပ်ဆောင်ချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများကို တိုက်ထုတ်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါဆိုင်ရာ လမ်းညွှန်ချက်အသစ်တွင် အားလုံးပါဝင်သော ချဉ်းကပ်မှုနည်းလမ်းများ၏ တန်ဖိုးနှင့် အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါတစ်ခုချင်းစီ၏ အရေအတွက်များပေါ်တွင် ပိုမိုအလေးထားသွားမည်ဖြစ်သည်။

၄။ လူထုအခြေပြုကျန်းမာရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများအား ညှိနှိုင်းခြင်းနှင့် ထောက်ပံ့ပေးခြင်း

လူထုအခြေပြုကျန်းမာရေးလုပ်သားများနှင့် စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများသည် အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ (အထူးသဖြင့် နယ်စပ်ဒေသများရှိ ပြည်သူလူထုအတွင်း) ကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။ သို့သော် ထိုကျန်းမာရေးလုပ်သားများအား ကူညီပံ့ပိုးပေးရန်နှင့် ကာကွယ်မှုပေးနိုင်ရန် လိုအပ်ပါသည်။

၅။ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ပြည်သူလူထုအား အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများနှင့် စပ်လျဉ်း၍ ရောဂါကာကွယ်ရေး၊ ရောဂါထိန်းချုပ်ရေးနှင့် ရောဂါအမြစ်ဖြတ်ရေးများတွင် အတူတကွ ပူးပါင်းကူညီလာစေရန် ကျန်းမာရေးအချက်အလက်များ ပေးခြင်းနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ရပါမည်။

အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများနှင့် သာတူညီမျှမှု

၁။ သာတူညီမျှစွာ ရယူနိုင်မှု

လူတိုင်းသည် အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ (သို့မဟုတ်) လူတိုင်းတတ်နိုင်သော ပမာဏဖြင့် ရယူနိုင်ရမည်။

၂။ သာတူညီမျှစွာ စောင့်ရှောက်ပေးမှု

အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများကြောင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲ၊ ပြဿနာများကို ကောင်းစွာသိရှိဖော်ထုတ်နိုင်ရမည်။ ဥပမာ – ရောဂါကုသခြင်း၊ မသန်စွမ်းမှုများရှိလာပါက စီမံဆောင်ရွက်ပေးခြင်း၊ ဖယ်ကြဉ်ခံရခြင်းများနှင့် လူမှုအသိုင်းအဝိုင်းမှ ပယ်ထုတ်ခံရခြင်းများ ပပျောက်အောင် ကူညီပေးခြင်း။

၃။ သာတူညီမျှစွာ အသိအမှတ်ပြုခြင်း

အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများတိုက်ဖျက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသူတိုင်း (စေတနာ့ဝန်ထမ်းများမှသည် မူဝါဒချမှတ်သူများအထိ) ကို အသိအမှတ်ပြုပေးရန် လိုအပ်ပါသည်။

Scroll to Top